Wednesday, July 21, 2010

အ (ပ) - အပ္ပနာဇော ၂၆-ပါး။ မှ အပြောင်မယား ၆-ပါး။

အပ္ပနာဇော ၂၆-ပါး။ ။ ဟုတ်မှန်ကောင်းမြတ်ဆုံးသော အကြံအစည်၌ မဆုတ်မနစ်တည်ကြည်မှု စိတ်စောခြင်းမျိုး၂၆-ပါးဟူ၏။
(က) မဟဂ္ဂုတ် ကုသိုလ်ဇော ၉-ပါး။
(ခ) မဟဂ္ဂုတ် ကြိယာဇော ၉-ပါး။
(ဂ) လောကုတ္တရာဇော ၈-ပါး၊ ပေါင်း ၂၆-ပါး။


အပ္ပမညာ စေတသိက် ၂-ပါး။ ။ အတိုင်းအရှည်ပမာဏ မရှိမထားဘဲ သတ္တါများအပေါ်၌စိတ်ထား
ပွားများရမည့် တရား ၂-ပါးဟူ၏။
(၁) ကရုဏာ- သူတစ်ပါးဆင်းရဲက ပယ်ရှားကင်းပျောက်စေလိုသော လက္ခဏာ၊
(၂) မုဒိတာ- သူတစ်ပါးစည်းစိမ်ချမ်းသာကို ၀မ်းသာရွှင်မြောက်ခြင်းလက္ခဏာ။

အပရိဟာနိယ တရား ၇-ပါး။ ။ စည်းစိမ်ချမ်းသာမဆုတ်ယုတ် တိုးတက်ပွားများကြောင်းတရား ခုနှစ်ပါးဟူလို။(သတ္တင်္ဂုတ္တရပါဠိတော်နှင့် ပရိနိဗ္ဗာနသုတ်အဋ္ဌကထာတို့မှ)
(၁) သတ္ထု ဂါရ၀တာ- ဘုရား၌ရိုသေခြင်း၊
(၂) ဓမ္မဂါရ၀တာ- တရား၌ ရိုသေခြင်း၊
(၃) သံဃ ဂါရ၀တာ- သံဃာ၌ရိုသေခြင်း၊
(၄) သိက္ခာဂါရ၀တာ-ကိုယ်ကျင့်သိက္ခာ၌ ရိုသေခြင်း၊ ကျင့်သုံးခြင်း၊
(၅) သမာဓိ ဂါရ၀တာ- တည်ကြည်ခြင်းသမာဓိကို ရိုသေခြင်း၊
(၆) ကလျာဏမိတ္တတာ- ကောင်းသောမိတ်ဆွေရှိခြင်း၊
(၇) သောဝစဿတာ- ပညာရှိသူတော်ကောင်းတို့ဆိုဆုံးမသောစကားကို နာယူလွယ်နိုင်ခြင်း။

အပရိဟာနိယတရား ၇-ပါး အခြား ခုနစ်-နည်း။ ။ ၀ဇ္ဇီမင်းတို့အား တိုင်းပြည်တိုးပွားရေး
အတွက် ၇-ပါးတစ်နည်းကိုဟောတော်မူ၍ ရဟန်းတော်တို့အား ၇-ပါး ငါးနည်း၊ ၆-ပါး တစ်နည်း ဟောတော်မူလေသည်။ ၎င်းင်းအကျယ်စိတ်ဝင်စားဖွယ်တို့ကို မဟာပရိနိဗ္ဗာနသုတ်၌ကြည့်ပါကုန်၊ ထိုသုတ်၌ဖေါ်ပြသော လူတို့အတွက်နှင့် ရဟန်းတော်တို့အတွက်နှစ်နည်းကို အောက်တွင်ဖေါ်ပြပါအံ့။

အပရိဟာနိယ တရား ၇-ပါး တစ်နည်း။ ။ ဝေသာလီပြည် ၀ဇ္ဇီမင်းတို့ကိုအကြောင်းပြု၍ ဘုရားဟော်တော်မူသည်။
(၁) ညီညွတ်စွာမပြတ်စည်းဝေးတိုင်ပင်ခြင်း၊
(၂) အစည်းအဝေးသို့ တစ်စုတရုံးတည်းအညီတက်ရောက်၍ မင်းတို့ပြုဖွယ်ကိစ္စကို အညီပြုကုန်လျက် တစ်စုတရုံးတည်း ညီညွတ်စွာထပြန်ကြခြင်း၊
(၃) ရှေးရှေး ၀ဇ္ဇီမင်းတို့၏ပညတ်ချက်ဓမ္မတို့ကို အစဉ်လိုက်နာခြင်း မဖျက်ဆီးခြင်း အသစ်မပညတ်ခြင်း၊
(၄) အသက်ကြီးကုန်သော ၀ဇ္ဇီမင်းတို့ကို ရိုသေလေးမြတ်စွာပူဇော်ခြင်း ၎င်းင်းတို့၏ဆုံးမချက်ကို နာယူခြင်း၊
(၅) ၀ဇ္ဇီအမျိုးသမီးကြီးငယ်တို့ကိုနိုင်ထက်ကလူဆွဲယူ၍ အိမ်ထောင်မပြုခြင်း၊
(၆) မြို့တွင်းမြို့ပြင်ရှိ ၀ဇ္ဇီတို့ အရိုအသေပြုပူဇော်ကြကုန် သောနတ်ကွန်းစေတီတို့ကို ရှေးထုံးနည်းအတိုင်း ဗလိနတ်စာပေးခြင်း၊
(၇) ၀ဇ္ဇီတိုင်းသို့ မလာကုန်သေးသောရဟန္တာတို့ ကြွလာစေခြင်းငှာ ကြွလာပြီးသောရဟန္တာတို့ ချမ်းသာစွာနေခြင်းငှာ ရဟန္တာတို့အား တရားနှင့်လျော်စွာ စောင့်ရှောက်ပြုစုလုံခြုံစေခြင်း။

အပရိဟာနိယ တရား ၇-ပါးတစ်နည်း။ ။ မဟာပရိနိဗ္ဗာနသုတ်၌ ရဟန်းတို့အား ၅-နည်းဟောကြားတော်မူသည့်အနက်တစ်နည်း။
(၁) ညီညွတ်စွာမပြတ်စည်းဝေးခြင်း တိုင်ပင်ဆွေးနွေးခြင်း၊
(၂) အစည်းအဝေးသို့ အညီအညွတ်စုရုံးတက်ရောက်၍ သံဃာ၏ပြုဖွယ်ကိစ္စတို့ကို အညီအညွတ်ပြုကုန်လျက် ညီညာစွာထပြန်ကြခြင်း၊
(၃) ပညတ်ပြီးဓမ္မ ၀ိနယတို့ကို အစဉ်လိုက်နာကျင့်သုံးခြင်း မပယ်ဖျက်ခြင်း၊ အသစ်မပြုပြင်ခြင်း၊
(၄) ထေရ်ဝါကြီးသော ဂုဏ၀န္တ သီလ၀န္တ ဗဟုသုတဓရ ရဟန်းကြီးတို့အား ရိုသေလေးမြတ်ခြင်း ပူဇော်ခြင်း ၎င်းင်းတို့၏ဆိုဆုံးမချက်
တို့ကိုနာယူခြင်း၊
(၅) မိမိသန္တာန်၌ဖြစ်သော လောဘ တဏှာအလိုဆိုးသို့ မလိုက်မပါနေခြင်း၊
(၆) ဈာန် မဂ်ဖိုလ်ကိုရလွယ်ကြောင်းဖြစ်သော တောရကျောင်းတို့၌ ငဲ့သောစိတ်ရှိခြင်း၊
(၇) မိမိတို့ကျောင်း အရံသို့ မလာရောက်ဖူးသေးသော သုပေသလ သီတင်းသုံးဖေါ်ရဟန်းတော်တို့ လာရောက်စေခြင်းငှာ လာရောက်ပြီးသောသီတင်းသုံးဖေါ်တို့ ချမ်းသာစွာနေခြင်းငှာ စောင့်ရှောက်ဝတ်ပြုခြင်း။

အပါယ မုခ တရား ၆-ပါး။ ။ စည်းစိမ်ဥစ္စာဆုတ်ယုတ်ပျက်ပြား အပါယ်လားကြောင်းတရား ၆-ပါးဟူ၏။
(၁) အခါမဲ့ လှည့်လည်ခြင်း၊
(၂) ပွဲသဘင်ကြူးခြင်း၊
(၃) လောင်းကစားကြူးခြင်း၊
(၄) သူမိုက်တို့နှင့်ပေါင်းဖေါ်ခြင်း၊
(၅) ပျင်းရိခြင်း၊
(၆) ယစ်မျိုးသောက်ကြူးခြင်း။

အပါယ် ၄-ပါး။ ။ ပျက်စီး၍ကျအပ်သော ချမ်းသာကင်းရာအရပ်၎-ပါး ဟူ၏။
(၁) နိရယ- ငရဲ၊
(၂) တိရစ္ဆာန- တိရိစ္ဆာန်၊
(၃) ပေတ- ပြိတ္တာ၊
(၄) အသုရကာယ- အသူရကာယ်။

အပါယ်လားကြောင်းအလှူမျိုး ၁၀-ပါး။ ။ မိလိန္ဒပဥှာ။ ပါ။ ၂၂၇။ အဒါန၀တ္ထုခေါ် မပေးလှူကောင်းသော အလှူဆယ်ပါး၊ ပေးလှူသော်အပါယ်ကျတတ်၏၊ (မိလိန္ဒ)
(၁) သမဇ္ဇဒါန- ကချေအလှူ၊ အငြိမ့်ဇာတ်ပွဲ၊
(၂) မဇ္ဇဒါန- သေရည်အရက်အလှူ၊
(၃) ဣတ္ထိဒါန- မိန်းမအလှူ၊
(၄) ဥသဘ ဒါန- နွားလား မြင်းလားအလှူ၊
(၅) စိတ္တကမ္မ ဒါန- ကာမဂုဏ်ကိုဆွပေးသော ပန်းချီဆေးရေးအလှူ၊
(၆) သတ္ထ ဒါန- လက်နက်ခဲယမ်းမီးကျောက်အလှူ၊
(၇) ၀ိသ ဒါန-အဆိပ်အလှူ (သတ္တ၀ါတို့ပျက်စီးစေရန်၊)
(၈) သင်္ခလိက ဒါန-လက်ထိပ် သံခြေချင်း နှောင်ကြိုးအလှူ၊
(၉) ကုက္ကဋ သူကရ ဒါန- ကြက် ၀က် သားကောင်အလှူ၊
(၁၀) တုလာကူဋ မာနကူဋ ဒါန- ချိန်စဉ်းလဲç တင်းစဉ်းလဲ အလှူ။

အပ္ပိစ္ဆတရား ၄-ပါး။ ။ သူတော်သူမြတ်တို့၏ အလိုနည်းခြင်းအကျင့်မြတ်တရားလေးပါး။
(၁) ပစ္စယ အပ္ပိစ္ဆ-ပစ္စည်းလေးပါးတို့၌ အလိုကြီးမှု တွယ်တာတပ်မက်မှု လောဘ တဏှာနည်းပါးခြင်း၊
(၂) ဓုတင်္ဂါဒိ အပ္ပိစ္ဆ-မိမိ ဓူတင်စသောအကျင့်မြတ်ကို ကျင့်ကြံအားထုတ်နေကြောင်း သူတစ်ပါးတို့ကို အသိမပေးစေလိုခြင်း၊
(၃) ပရိယတ္တိ ဗဟုသုတ အပ္ပိစ္ဆ- မိမိ စာပေပရိယတ် ကျမ်းဂန်တတ်သိမှုကို သူတစ်ပါးတို့မသိစေလိုမှု တည်းဟူသောလျှို့ဝှက်ခြင်း၊
(၄) အဓိဂမ အပ္ပိစ္ဆ- မိမိ ဈာန်မဂ်ဖိုလ်ရရှိထားကြောင်းကို သူတစ်ပါးတို့အားအသိမပေးလိုခြင်း၊ မသိအောင် ရိုးသားစွာ
လျှို့ဝှက်ထားခြင်းတရား ဟူ၏။

အပူဇော်ခံထိုက်သူ ၁၁-ယောက်။ ။ ၎င်းင်းအဖြေကို (ပူဇော်ထိုက်သူ ၁၁-ယောက်) ၌ရှုပါ။

အပျင်းထူသူတို့ဆင်ခြေ ၆-ပါး။ ။ လူပျင်းတို့၏ အပြစ်ခြောက်ပါးလည်းဟူ၏။ သိင်္ဂါလောဝါဒသုတ်၌ ဟောကြားတော်မူသည်၊ ဤသူတို့ကားမကြီးပွား။
(၁) ချမ်းလွန်းလှသေးသည်၊
(၂) ပူလွန်းလှသေးသည်၊
(၃) မိုးချုပ်နေပါပြီ၊
(၄) စောလှပါသေးသည်၊
(၅) ဆာလောင်နေသည်၊
(၆) ၀မ်းပြည့်နေသေးသည်။

အပျိုစင်မျိုး ၃-ပါး ၄-ပါး ၇-ပါး ၉-ပါး။ ။ ကညာခေါ်အပျိုစင်တို့ကို ဓမ္မသတ်စာစောင်များနှင့် အဘိဓါန်ကျမ်းများမှထုတ်နှုတ်၍ပြအံ့။ ၀ယ ဘေဒအားဖြင့် ၄-ပါးဟူသော်ကား-
(၁) ဂေါ်ရီ- ရှစ်နှစ်ရွယ်အပျိုစင်၊
(၂) ကုမာရီ- ဆယ်နှစ်ရွယ်အပျိုစင်၊
(၃) ကညာ- ဆယ့်နှစ်နှစ်ရွယ်အပျိုစင်၊
(၄) မဟလ’ိကာ- ထို့ထက်လွန်သောအပျိုစင်။

တစ်နည်း အမျိုးဝံသဘေဒအားဖြင့် ၉-ပါးကား
(၁) ဒါရိကာ- ၇-နှစ်အပျိုစင်၊
(၂) ဂေါရီ- ၈နှစ်အပျိုစင်၊
(၃) ကညာ- ၁၀-နှစ်အပျိုစင်၊
(၄) ကုမာရီ- ၁၂-နှစ်အပျိုစင်၊
(၅) သွေးစုန်း- ၁၃-နှစ်အပျိုစင်၊
(၆) မျက်မည်း- ၁၅-နှစ်အပျိုစင်၊
(၇) မျက်ဝန်း- ၂၀-နှစ်အပျိုစင်၊
(၈) မျက်ညွတ် ၂၅-နှစ်အပျိုစင်၊
(၉) မျောင်းတူး- ၄၀-နှစ်အထက်အပျိုစင်။

တစ်နည်း မနုစိတ္တရ ဓမ္မသတ်ကျမ်းလာ အပျိုစင် ၇-ပါးကား-
(၁) ဂေါရီ- ရှစ်နှစ်အပျိုစင်၊
(၂) ကလျာဏီ- ၁၀-နှစ်အပျိုစင်၊
(၃) ကုမာရီ- ၁၂-နှစ်အပျိုစင်၊
(၄) သွေးစုန်း- ၁၃-နှစ်အပျိုစင်၊
(၅) မျက်မည်း- ၁၅-နှစ်အပျိုစင်၊
(၆) မျက်ဝန်း- ၂၀-နှစ်အပျိုစင်၊
(၇) မျောင်းတူး- ၃၀-နှစ်အထက် အပျိုစင်။

တစ်နည်း အဘိဓါန်ဋီကာကျမ်းလာ အပျိုစင် ၃-ပါးကား -
(၁) ဂေါရီ ၈-နှစ်အပျိုစင်၊
(၂) ကညာ- ၁၀-နှစ်အပျိုစင်၊
(၃) ကုမာရီ- ၁၂-နှစ်အပျိုစင်၊ ထို့အပြင် အပျိုစင် ၂၁-ရပ် ၂၈-ရပ်ရှိသေးကြောင်းနှင့် ဖေါ်ပြထားလေသည်။

အပျိုတော် ၁၂-ထွေအက။ ။
(၁) နတ်အက၊
(၂) မြင်းအက၊
(၃) ဗြောအက၊
(၄) အိုးစည် အက၊
(၅) မျောက်အက၊
(၆) ဘီလူးအက၊
(၇) ဇော်ဂျီအက၊
(၈) ၀န်အက၊
(၉) ဒိုးပတ် အက၊
(၁၀) အပြောင်အရွှမ်းအက၊
(၁၁) သူငယ်တော် အက၊
(၁၂) အဘိုးအို အက၊
(အနုသဘင်ပညာရှင် ဦးဘိုးစိန်ကြီးထံမှ။)

www.myanmar-image.com/newmenu/dance/
တွင်ဓါတ်ပုံနှင့်ဗီဒီယိုများကြည့်နိုင်။



အပျိုတော်ကကြိုး ၁၂-မျိုး။ ။
(၁) မျက်ခုံး ပလို့၊
(၂) မေး ပလို့၊
(၃) ပခုံး ပလို့၊
(၄) ရင် ပလို့၊
(၅) လက်ရုံးပလို့၊
(၆) လက်စုံ ပလို့၊
(၇) တစ်ခြမ်း ပလို့၊
(၈) အရုပ်ကြိုးလိမ်ပလို့၊
(၉) ဘယ်ခြေညာလက် ပလို့၊
(၁၀) စုံပလို့၊
(၁၁) လက်ခုံ ပလို့၊
(၁၂) နတ်ယိုင်အက။
ပလို့?။ ပလို့ ဂျိ။ ပလို့ ဂျိ။

အပြင် ၃၇-မင်းနတ်များ။ ။
(၁) သိကြားနတ်၊
(၂) မဟာဂီရိနတ်၊
(၃) နှမတော်တောင်ကြီးရှင်နတ်၊
(၄) ရွှေနပေနတ်၊
(၅) သုံးပန်လှနတ်၊
(၆) တောင်ငူရှင်မင်းခေါင်နတ်၊
(၇) မင်းတရားနတ်၊
(၈) သံတော်ခံနတ်၊
(၉) ရွှေနော်ရထာနတ်၊
(၁၀) အောင်စွာမကြီးနတ်၊
(၁၁) ငါးစီးရှင်နတ်၊
(၁၂) အောင်ပင်လယ်ဆင်ဖြူရှင်နတ်၊
(၁၃) တောင်မကြီးနတ်၊
(၁၄) မြောက်မင်းရှင်ဖြူနတ်၊
(၁၅) ရှင်တော်နတ်၊
(၁၆) ညောင်ချင်းနတ်၊
(၁၇) တပင်ရွှေထီးနတ်၊
(၁၈) မင်းရဲအောင်ထင်နတ်၊
(၁၉) ရွှေစစ်သင်နတ်၊
(၂၀) မယ်တော်ရွှေစကားနတ်၊
(၂၁) မောင်းဖိုးတူနတ်၊
(၂၂) ယွန်းဘုရင်နတ်၊
(၂၃) မောင်မင်းဖြူနတ်၊
(၂၄) မန္တလေးဘိုးတော်နတ်၊
(၂၅) ရွှေဖျဉ်းကြီးနတ်၊
(၂၆) ရွှေဖျဉ်းငယ်နတ်၊
(၂၇) ဒါန်းမောင်ရှင်နတ်၊
(၂၈) ထီးဖြူဆောင်းနတ်၊
(၂၉) ထီးဖြူဆောင်းမယ်တော်နတ်၊
(၃၀) ပရိမ္မရှင်မင်းခေါင်နတ်၊
(၃၁) မင်းစည်သူနတ်၊
(၃၂) မင်းကျော်စွာနတ်၊
(၃၃) မြောက်ဘက် ရှင်မနတ်၊
(၃၄) အနောက်မိဖုရားနတ်၊
(၃၅) ရှင်ကုန်းနတ်၊
(၃၆) ရှင်ကွနတ်၊
(၃၇) ရှင်နဲမိနတ်။

အပြင်တာရာ၊ လုံးရေမှာ၊ သင်္ချာ ၂၈။ ။ ၎င်းင်းအဖြေကို (တာရာ ၂၈-လုံး)၌ ရှုပါလေ။

အပြစ်မျိုး ၂-ပါး။ ။ မကောင်းမှုပြုလုပ်ကျူးလွန်သူအတွက် ခံစားရခြင်းအပြစ်နှစ်ပါး။
(၁) ဒိဋ္ဌ ဓမ္မိက ၀ဇ္ဇ- ယခုဘ၀မျက်မှောက်၌ပင် ချုပ်နှောင်ထောင်ချ ရိုက်နှက်ခုတ်ထစ်သတ်ပစ်ခြင်းစသော အပြစ်ဒဏ်အမျိုးမျိုး၊
(၂) သမ္ပရာယိက ၀ဇ္ဇ- သေပြီးနောက် ရောက်ရာဘ၀၌ ဆင်းရဲဒုက္ခအမျိုးမျိုးခံစားရခြင်း။

အပြစ် ၆-ပါး၊ ကင်းစင်ငြား၊ လှထွားပျို့သူဇာ။ ။ အလှမယ်ရွေးချယ်ရာ၌ အောက်ပါလက္ခဏာ ခြောက်ပါးကိုစိစစ်ရာသည်ဟူ၏။
(၁) နာတိ ထူလာ- မ၀လွန်းသူ၊
(၂) နာတိ ကိသာ- မပိန်လွန်းသူ၊
(၃) နာတိသုက္ကာ-မဖြူလွန်းသူ၊
(၄) နာတိ ကဏှာ- မမည်းလွန်းသူ၊
(၅) နာတိဒိဃာ- မရှည်လွန်းသူ၊
(၆) နာတိ ရဿာ-မပုလွန်းသူ။

အပြောင်မယား ၆-ပါး။ ။ ဓမ္မသတ်ပေါင်းချုပ် ပ-အုပ်။ ပုဒ်မ ၁၆။ ၁၈။ အမွေခံထိုက်သော သားခြောက်ပါးအရမှယူပြသည်။
(၁) မယားပါကျွန်မကိုသိမ်းသောအပြောင်၊
(၂) လင်ပါကျွန်မကို သိမ်းသောအပြောင်၊
(၃) နှစ်ပါးစုံဝယ်သောကျွန်မကိုသိမ်းသောအပြောင်၊
(၄) မယားမိဘကပေးသောကျွန်မကိုသိမ်းသောအပြောင်၊
(၅) လင်မိဘကပေးသောကျွန်မကို သိမ်းသောအပြောင်၊
(၆) ငွေကြေးမစပ် အလွတ်မိန်းမကိုသိမ်းသောအပြောင်။
မှတ်ချက်။ ။ အဋ္ဋသင်္ခေပ- ပုဒ်မ ၂၂၈။ မနုကျယ် ဒသမတွဲ ပုဒ်မ ၄၂တို့၌လည်းဆိုကုန်၏။

No comments:

Post a Comment